ပျဉ်းမနား ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန် တော်ကြီးအတွင်း၌ ၂၀၂၃ ခုနှစ် အစိုးရနိကာယ်စာမေးပွဲဖြေဆိုနေလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား နေပြည်တော်ကောင်စီအဖွဲ့၀င်ဦးမြင့်စိုးနှင့် တာ၀န်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်း က ကြည့်ရှုအားပေးခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ၂၀၂၃ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲကို စာဖြေသံဃာတော်နှင့် သီလရှင် စုစုပေါင်း (၄၀)ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။ စာဖြေသံဃာတော်များ အစိုးရနိကာယ် စာမေးပွဲဖြေဆိုနေမှုအား နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် သရက်ကုန်း ကျောင်းတိုက်၊ ဒေါက်တာဘဒ္ဒန္တမုနိကုမာရ၊ မဟာဓမ္မိကာရာမအုန်းတော ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တတိဿ ဆရာတော်နှင့် ဩဝါဒစရိယ ဆရာတော်ကြီးများ၊ နေပြည်တော် သာသနာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစန်းထွန်းအောင်၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ဖြေဆိုသွားမည် ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။
မျိုးသီဟ(ပြန်/ဆက်)