ဂွမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ဂွ ဇွန်  ၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နေ့လယ်ပိုင်းက အ.မ.က (ကင်းရုံး-၂) တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆိုင်ရာတာဝန်ခံ ဒေါက်တာယဥ်ယဥ်ဝင်းက ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်းအကြောင်းကိုလည်းကောင်း၊ မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာအေးက  လက်သန့်ရှင်းရေးနှင့် လက်ဆေးနည်း သရုပ်ပြခြင်းကိုလည်းကောင်း၊ ဘက်စုံသားဖွားဆရာမ ဒေါ်မွန်မွန်အောင်က သန့်လေးသန့်အကြောင်း သရုပ်ပြပညာပေးခြင်းတို့ကိုလည်းကောင်း အသီးသီး အသိပညာပေးကာ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်