မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်၏ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ရဟန်းရှင်လူ ပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

မန္တလေး ဇွန် ၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ အဓိပတိ မဟာနာယက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သက်တော် (၉၄)နှစ်၊ သိက္ခာတော် (၇၄)ဝါရှိ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ပူဇော်ထားရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး၊ ဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ် ထားရှိရာသို့ လိုအပ်သည်များ ကြည့်ရှုစစ်ဆေးမှာကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr. Chen Hai မှ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမျှော်ကြည်ညိုကာ တာဝန်ရှိသူများထံသို့ အလှူတော်ငွေ ငါးသိန်းကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ် ဝတ်ရွတ်အသင်းက အဆိုပါနေရာသို့ လာရောက် ရွတ်ဖတ်ပူဇော်ပေးခဲ့သည်။

ဆက်လက်၍ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား မန္တလေးမြို့နှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများ လာရောက်ဖူးမျှော် ကြည်ညိုကြပြီး၊ အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိပြီး၊ စတုဒိသာ အကျွေးအမွေးများဖြင့်လည်း စီစဥ်ဆောင်ရွက်ပေးလျက်  ရှိကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)