မြောက်ဦးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲကျင်းပ

မြောက်ဦး  ဇွန်  ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အောင်တပ်ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းကျော်နှင့် ဝန်ထမ်းများက ဦးဆောင်၍ အခြေခံပညာဦးစီးဌာန ဆရာ၊ဆရာမများမှလည်း ပြိုင်ပွဲတွင် အနီးကပ်ကြီးကြပ် ပေးပြီး   “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့’’ ခေါင်းစဉ်ဖြင့်  စာစီစာကုံး ပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။ စာစီစာကုံးပြိုင်ပွဲတွင် မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅) ဦးတို့ ပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်သာမက ကျောင်းပတ်ဝန်းကျင်တွင်လည်း ပလတ်စတစ်စွန့်ပစ်အမှိုက်များကို စည်းကမ်းမဲ့မစွန်ပစ်ဘဲ စနစ်တကျစွန့်ပစ်တတ်သော အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြု လုပ် ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)