နေပြည်တော် ဇွန် ၂
၂၀၂၃ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ (Outbreak) မဖြစ်ပွားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က အမှာစကားပြောကြားရာတွင် သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးဖြစ်သောကြောင့် တိကျသည့် ကုသမှုမရှိဘဲ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သောကြောင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် တစ်ဦးတစ်ယောက်အတွက်သာမက (Outbreak) မဖြစ်စေရေးအတွက်လည်း အသင့်တော်ဆုံး နည်းလမ်းဖြစ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလည်း ကျန်းမာရေးဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက် နှီးနွယ်ဆက်စပ်လျက်ရှိသော ဦးစီးဌာနများနှင့် လူမှုရေးအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ထို့အပြင် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ပြည်သူလူထုကိုယ်တိုင် ခြင်ကျားပိုးလောက်လမ်း ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ၏ အရေးပါပုံကို သိမြင်လိုက်နာကျင့်သုံးလာရန်အတွက် ကျန်းမာရေး အသိပညာမြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်များ၏ အတွေ့အကြုံအရ ကျောင်းဖွင့်ရာသီအတွင်း စာသင်ကျောင်းများမှာ ကူးစက်မှု ပိုမိုမြင့်မားကြောင်းသိရှိရသည့်အတွက် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပညာရေးဌာန၏ ကူညီပံ့ပိုးမှုသည် အထူးအရေးပါပါကြောင်း၊ သွေးလွန်တုပ်ကွေးဆိုင်ရာ ပညာပေးအချက်အလက်များကို ကျောင်းနေအရွယ်ကလေးများ သိရှိခြင်းအားဖြင့် “ကလေးမှ ကလေး” သို့လည်းကောင်း၊ “ကလေးမှ မိဘများ”နှင့် “ပြည်သူများ” သို့လည်းကောင်း၊ သတင်းအချက်အလက်များ ရောက်ရှိစေနိုင်မှာဖြစ်ပါကြောင်း၊ ယခုနှစ်ကျောင်းဖွင့်ရာသီများတွင်လည်း “ခြင်ကျား လောက်လမ်း ကင်းစင်ကျောင်းများ" ဆောင်ရွက်ခြင်းကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစည်သူက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဆောင်ရွက်ထားရှိမှုများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နှီးနွယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် ၈ မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)