ဘီးလင်း ဇွန် ၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ဘီးလင်းမြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်အတွင်းရှိ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်လည်းကောင်း ကျေးရွာများမှကလေးငယ်များအား မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်းကောင်း ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော(Rota) ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်း(ပြန်ဆက်)