မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဇမ္ဗူအေးစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားသို့တက်ရောက်

မော်လမြိုင် ဇွန် ၂

မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တည်ထားကိုးကွယ်အပ်သော ဇမ္ဗူအေး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ် အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အတုလရန်အောင်ကျောင်း ဆရာတော် ဘဒ္ဒန္တကောသလ္လထံ ကိုးပါးသီလခံယူဆောက်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများက ဇမ္ဗူအေးစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်း၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတအတုလရန်အောင်ကျောင်း ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းက ဇမ္ဗူအေးစေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်သစ်တင်လှူရခြင်းများနှင့် ပတ်သက်၍ လျှောက်ထားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်၏ လက်ယာရစ်သုံးပတ်လှည့်လည်ပင့်ဆောင်၍ မင်္ဂလာအချိန်တွင် စေတီတော်မြတ်ကြီးပေါ်သို့ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဇမ္ဗူအေးစေတီတော် ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ခဲ့ကြရာ ဇမ္ဗူအေးစေတီတော်မြတ်ကြီးအား သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း ဆောင်ရွက်ခဲ့ပြီး၊ အခမ်းအနားကို ‘ဗုဒ္ဓသာသနံ စိရံတိဌတု’ သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)