ပေါင် ဇွန် ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့် ပတ်သက်၍ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးယဥ်ဌေးက ချေးငွေထုတ်ယူသည့် တောင်သူများအား လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ ယနေ့ထန်ပင်ချောင်ကြီးကျေးရွာ စပါးစိုက်တောင်သူ (၃၈၉)ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက (၃၁၁၅)ဧကအတွက် (၄၆၇၂၅၀၀၀ဝိ/-)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ချေးငွေထုတ်ယူမည့် ကျေးရွာပေါင်း (၄၇)ရွာရှိပြီး တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ဧက (၆၃၃၃၃)အတွက် စုစုပေါင်းချေးငွေပမာဏ သိန်းပေါင်းကိုးသောင်းငါးထောင် ထုတ်ချေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)