ချမ်းအေးသာစံမြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးသင်တန်းဖွင့်လှစ်

မန္တလေး၊ အောက်တိုဘာ ၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများ အေးချမ်း လုံခြုံစွာ မဲပေးနိုင်ရေး ခန့်ထားဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး သင်တန်းကို အောက်တိုဘာလ ၁ရက်နေ့မှ ၂၈ရက်နေ့အထိ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၅)အခြေခံ ပညာ အထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းတွင် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးက သင်တန်းမှူးအဖြစ် တာဝန်ယူပြီး မြို့နယ်အတွင်း ရပ်ကွက် (၂၀)ရှိ မဲရုံများတွင် တာဝန်ချထားမည့် အထူးရဲ (၇၂)ဦးကို အုပ်စု (၂)စုခွဲ၍ သင်တန်းနည်းပြများက အခြေခံ လက်နက်မဲ့စစ်ရေးပြဘာသာ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ လူ့အခွင့်အရေး ဘာသာရပ်၊ ရဲကျင့်ဝတ်၊ ရဲစည်းကမ်း ထိန်းသိမ်းရေး၊ ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲဥပဒေ၊ ရဲအက် ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့် ဘာသာရပ်များကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့ထိ သတ်မှတ် အချိန်စာရင်းအတိုင်း စခန်းသွင်း ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်သည်။

ထိုသို့ စခန်းသွင်းလေ့ကျင့်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ သင်တန်းသားများကို ကိုယ်အပူချိန်တိုင်း တာခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သင်တန်းတာဝန်ရှိ သူများမှ သင်တန်းခန်းမနှင့် အိပ်ဆောင်များအတွင်း သတ်မှတ်အကာ အဝေးအတိုင်း နေထိုင်ရေး၊ စည်းကမ်းတကျရှိစေရေး၊ သင်တန်းကျောင်း ပြင်ပသို့ ထွက်ခွာ သွားလာမှု မရှိစေရေး၊ သင်တန်းနှင့် မသက်ဆိုင်သူများ ဝင်ရောက်မှု မရှိစေရေး စသည့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 ထိပ်ထားနိုင်