ညောင်ဦး ဇွန် ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်ဆေးလိပ်အန္တရာယ် အသိပညာပေး Talk Show အစီအစဉ်အား ဇွန် ၁ ရက်၊ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ရိုက်ကူးထုတ်လွှင့်မှုအစီအစဉ်တွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက် ညွှန်ကြားရေးမှူး) နှင့်ဒေါ်သူဇာစိုး (ဦးစီးအရာရှိ) တို့မှ ဆေးလိပ်ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်သေဆုံးသူ ၆ သန်းအနက်၊ ၁၀ ပုံ ၁ ပုံ လူဦးရေ ၆ သိန်းမှာ ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူများ မဟုတ်ကြသော်လည်း တဆင့်ခံဆေးလိပ်ငွေ့များကို ရှူရှိုက်မိခြင်းမှတဆင့် ဆေးလိပ်သောက်သုံးသူများကဲ့သို့ ထပ်တူ ရောဂါ ရရှိသေဆုံးကြရကြောင်း၊ ဆေးရွက်ကြီးထွက်ပစ္စည်း (ဆေးလိပ်) မီးလောင်ကျွမ်းစေခြင်းဖြင့် ထွက်ပေါ်လာသော အခိုးအငွေ့ကိုလည်းကောင်း၊ ဆေးလိပ်ကို သောက်ဖွာခြင်း၊ ရှုထုတ်ခြင်း (သို့) ရှုရှိုက်ခြင်းကြောင့် ထွက်ပေါ်လာသည့်အခိုးအငွေ့ကိုလည်းကောင်း၊ ဆေးလိပ်အန္တရာယ် ဖြစ်ပေါ် စေနိုင်သည်။ အကာအရံများရှိနေသောနေရာတွင် ဆေးလိပ်သောက်သုံးပါက အခန်းအတွင်းရှိမည်သူမဆို ဆေးလိပ်ငွေ့ရှုရှိုက်မိကာ ဆေးလိပ်ငွေ့အန္တရာယ် သက်ရောက် စေကြောင်း၊ ဆေးလိပ်မသောက်ခြင်းဖြင့် လူမှုရေးအကျိုးကျေးဇူများရရှိနိုင်ကြောင်း၊ ဆေးလိပ်၊ ကွမ်းယာဖြတ်လိုက်ပါက ကျန်းမာရွှင်လန်းသော မိသားစုဘဝကို ပျှော်ရွှင်စွာတည်ဆောက်နိုင်ပြီး ကလေးငယ်များအတွက်လည်း ဆေးလိပ်ငွေ့ကင်းစင်သော ဝန်းကျင်ဖန်တီးစေနိုင်သဖြင့် ဉာဏ်ရည်နိမ့်ပါးမှုများ မဖြစ်စေနိုင် တော့ကြောင်း၊ အခြားအကျိုးကျေးဇူးများအဖြစ် အဝတ်အစားများ မီးပေါက်ခြင်း၊ ကွမ်းတံတွေးစွန်းထင်းခြင်းတို့ ကင်းဝေးပြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာမှု ရရှိစေခြင်းနှင့် မီးခြစ်၊ ဆေးလိပ်မှတဆင့် ဖြစ်ပေါ်လာနိုင်သည့် မီးဘေးအန္တရာယ်ကင်းဝေးစေသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း လူငယ်နှင့် ဆေးလိပ် အန္တရာယ် အသိပညာပေး Talk Show အစီစဉ်အား ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း