သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်

သီပေါ ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့်မြို့ပေါ်ရပ်ကွက်များသို့စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အခွန်ဦးစီးဌာနများရှိ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို ထပ်မံ ပြန်လည်ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် ငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင်ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ အလှည့်ကျ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)