သုံးခွ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး တိုက်ဖျတ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ညနေ ၃နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊မူးယစ်ဆေးဝါးကို သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးဟူ၍ နှစ်မျိုးရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကတော့ စိတ်ဓာတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိသားစုစိတ်ဓာတ်လျော့နည်းလာခြင်း၊ လိင်စိတ်အားနည်းလာခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်ခြင်းများ ဖြစ်စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုး များကတော့ AIDS ခေါ် ခုခံအားကျဆင်းမှုရောဂါဖြစ်ခြင်း၊ ဆေးလွန်သဖြင့် မိန်းမောစွာ အိပ်မပျော်ခြင်း၊သတိမေ့မြောသွားခြင်း၊ အခန့်မသင့်အသက်ဆုံးရှုံးခြင်း၊ ထုံနာ ကျင်နာ ၊အကြောသေရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ သွေးကြောပိတ်ရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း စသည့်မှုးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းကို ပြောကြားခဲ့သည်။
ဆက်လက်၍ သုံးခွမြို့မရဲစခန်းမှ ရဲအုပ်မင်းသိန်းက မူးယစ်ဆေးဝါး၏ အမျိုးအစားတွေကတော့ ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်တို့မှ သိပ္ပံနည်းပညာများဖြင့် ပြုလုပ်ထားသည့် အရာများဖြစ်ပါကြောင်း၊ မူးယစ်ကအစဆေးလိပ်ကဆိုသည့်အတိုင်း ကျောင်းသားလူငယ်များအနေဖြင့် ဆေးလိပ်ကို စမ်းသပ်မသုံးသင့်ကြောင်း၊ မူးယစ်ဆေးဝါးကို လူတစ်ဦးဦး၏ ကိုယ်ခန္ဓာ၊ နေအိမ်၊ ဥပစာ၊ ယာဉ်များတွင်ထားရှိပါက ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိချမှတ်နိုင်ပါကြောင်းနှင့် လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအပြင် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ လည်းခံစားရပါကြောင်း၊ ဆေးသုံးဆွဲခြင်းကြောင့် မိသားစုအချင်းချင်း အန္တရာယ်ပေးနိုင်တဲ့အထိဖြစ်နိုင်တဲ့အတွက် မူးယစ်ဆေးဝါး ကောင်းကျိုးမပေးမှုတွေကြောင့် ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို မသုံးဆွဲသင့်ပါကြောင်း၊ မည်သူမဆို မူးယစ်ဆေးဝါးသားကောင်ဖြစ်သွားမည်ဆိုပါက မိတ်ဆွေ၊အပေါင်းအသင်း ညီကိုယ်မောင်နှမ ဆိုတဲ့အသိစိတ်ကင်းမဲ့၍ ရာဇ၀တ်မှုများလဲဖြစ်ပေါ်လာနိုင်ပါကြောင်း ထို့အတွက်ကြောင့် မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်များအနေဖြင့် စမ်း၍တောင်မသုံးစွဲသင့်ပါကြောင်း၊ ယခု ကျောင်းသားလူငယ်များအတွင်းမှာ ပျံ့နှံ့နေတဲ့ WY ဆေးပြားများအပြင် ကော်ရှုခြင်းတွေကို သူငယ်ချင်းအပေါင်းအသင်းကြား စမ်းသပ်၍မသုံးစွဲသင့်ကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား/ သူလေးများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ရုံးမှပြသထားသော သုတ၊ ရသ၊ စာအုပ်များနှင့် အပြည်ပြည်ဆိုင်ရာ ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်၊ ရှောင်လေဝေးဝေးမူးယစ်ဆေး စသည့် နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)