လားရှိုး ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု၊ ကောင်းကြဲ(ပိတ်)ကျေးရွာအုပ်စု၊ ဆုံကွယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဆရာတော်သံဃာတော်များနှင့် ဒေသခံပြည်သူတို့အား အထွေထွေရောဂါကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန်စသည့်အထူးကုဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရများထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုပိတ်ကျေးရွာတွင်ကွင်းဆင်း၍ ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရများ ထောက်ပံ့ပေးခြင်းပြုလုပ်သည့် နေရာသို့ ဒေသခံပြည်သူ ၅၁၅ ဦး လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)