ကလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကလော ဇွန် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ကျောင်းသား/သူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ခရိုင်ပညာရေးမှူး ဦးခေါဂေကီးက ကျောင်းအပ်နှံရေးနှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံ တော်မှ ထောက်ပံ့ပေးသော အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အခမဲ့ ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ငွေဗိမာန်ကုမ္ပဏီမှ လှူဒါန်းသော ငွေကျပ်တစ်သိန်းတန်ဖိုးရှိ ဗလာစာအုပ်နှင့် ခဲတံများကို ခရိုင်ပညာရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ရာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာ/ ဆရာမ ကြီးတို့က လက်ခံရယူခဲ့ကြပြီး ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လ(၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမှန်သီချင်းဖြင့် သီဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်း (၂၁) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၇၀)ကျောင်း၊ မူလတန်းကျောင်း (၁၀၉) ကျောင်းရှိပြီး အဆိုပါ အခြေခံပညာကျောင်းများ၌ ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ စတင်ပညာသင်ကြားနေကြပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်း များကိုလည်း ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)