မောက်မယ်မြို့နယ်၌ ရိုးရာဓလေ့ကျောက်တောင်းပွဲ ကျင်းပ

မောက်မယ် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နမ့်လွတ်ကျေးရွာအုပ်စုအရှေ့ဘက်ရှိ ဂေါ်ဒန်ကျောက်တောင်ကျောက်တောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်း ဂေါ်ဒန်ကျောက်နတ်စင်တွင် နှစ်စဉ်နယုန်လပြည့်ရောက်တိုင်း တစ်နှစ် တစ်ကြိမ်ကျောက်တောင်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ထိုကျောက်တောင်းပွဲကို ဂေါ်ဒန်ကျောက်လုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များတို့မှပူးပေါင်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းမှာ ဂေါ်ဒန်ကျောက်တောင်မှ ထွက်ရှိလာသောကျောက်များသည် အများအပြားထွက်ရှိပြီး ဘိလပ်မြေစက်ရုံသို့ တင်ပို့ရောင်းချနိုင်ခြင်း၊ ကျောက်တွင်းမှအလုပ်သမားများ သဘာဝဘေးအန္တရာယ်မှကင်းဝေးခြင်းတို့ အယူရှိကြပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုရှိကျေးရွာများက ဒေသခံပြည်သူများနှင့် ဂေါ်ဒန်ကျောက်လုပ်ငန်းရှင်များ တက်ရောက်ကာ ယနေ့နေ့လယ် ၁၁ နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအားထိုကျောင်းတွင် နေ့လယ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ငါးပါးသီလခံယူပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ရပ်ဝေးရပ်နီးမှကြွရောက်လာကြသော ဓမ္မမိတ်ဆွေများတို့အား ထမင်းထုတ်များဖြင့်မျှဝေခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရှမ်းအိုးစည်ဗုံမောင်းများတီး၍ လူဖိုင်း(ခေါ်)မီးရှုးလွတ်တင်ကြသည့် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ရှေးထုံးစဉ်လာ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)