ကျောက်မဲမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်ဖွင့်လှစ်

ကျောက်မဲ ဇွန် ၂

ကျောက်မဲမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေးအတတ်ပညာများကို အထက်တန်းပညာနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းကျောင်းကို ဇွန် ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို တွဲဖက်သင်ကြားမည့် အထက်တန်းကျောင်းပေါင်း ၅၁ ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ကျောက်မဲခရိုင်အတွင်း၌ ကျောက်မဲမြို့၊ အထက(၃)ကျောင်းတွင်သာ ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး နည်းပြ ၁၃ ဦး၊ ဘာသာရပ်သင် ဆရာ/ဆရာမ ၁၂ ဦးတို့ဖြင့် သင်ကြားသွားမည်ဖြစ်ပြီး စက်မှုနည်းပညာ ဘာသာရပ်တွင်  ကျောင်းသား/သူ ၅၈ ဦး၊ စိုက်ပျိုးရေးပညာ ဘာသာရပ်တွင် ကျောင်းသား/သူ ၁၁ ဦး၊ မွေးမြူရေးပညာဘာသာရပ် တွင် ကျောင်းသား/သူ ၅ ဦး စုစုပေါင်း ကျောင်းသား/သူ ၇၄ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)