ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ပညာရေးမိသားစုတို့ စုပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်း စုစုပေါင်းငွေကျပ်(၂၅၆၀၀၀၀)ဘိုးကို ဒုတိယအကြိမ်အဖြစ်၊ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးနှင့် ပညာရေးဝန်ထမ်း မိသားစုများစုပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်လျက်ရှိ သည့်၊ PPE ဝတ်စုံ အစုံ(၁၀၀)နှင့် ခေါင်းစွပ်(၂၀၀) စုစုပေါင်းငွေကျပ်(၂၅၆၀၀၀၀) ဘိုးကို ဒုတိယအကြိမ်မြောက်အဖြစ်သွား ရောက်လှူဒါန်းကြရာ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ဦးက လက်ခံရယူပြီး၊ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစုအနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လ ၃၁ ရက်နေ့ကလည်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်တွက် ငွေကျပ်(၂၆၅၀၀၀၀)ကို ပထမအကြိမ်အဖြစ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)