ရန်ကုန် ဇွန် ၂
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း (၁၇) ကျောင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ KGတန်းမှ Grade -12 အထိ ကျောင်းသား/ ကျောင်းသူ ၇၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် အထက်တန်းကျောင်း(၁) ကျောင်း၊ အလယ်တန်းကျောင်း(၄) ကျောင်းနှင့် မူလတန်းကျောင်း (၁၂) ကျောင်းရှိရာ ယခုနှစ်စာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၇၂၆၈ ဦးရှိခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၆၇၆၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်နှံနှုန်းနှင့် ကျောင်းတက်ရောက်မှုနှုန်းမှာ ယမန်နှစ်များကထက် ပိုမိုများပြားလာခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား လက်တွဲညီစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။ ကျောင်းသား၊ ကျောင်းသူများ နေ့စဥ်ဘေးကင်း လုံခြုံစွာပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့်အဖွဲ့၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ ဆက်)