ပင်းတယ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး

ပင်းတယ ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သရက်ကုန်း(တောင်)ကျေးရွာ၌ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်က သရက်ကုန်း(တောင်)ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား ဆေးစိမ်ခြင်ထောင်များဖြန့်ဝေပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး (TMO) ဦးတင်မြင့်အောင်က ဆေးစိမ်ခြင်ထောင်အသုံးပြုနည်းများကို လက်တွေ့သရုပ်ပြရှင်းလင်းပေးခဲ့သည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်နှင့် တာဝန်ရှိသူများက သရက်ကုန်း(တောင်)ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၂၀)အတွက် ဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျေးရွာအတွင်းရှိနေ အိမ်များတွင်နေ့စဉ်အသုံးပြုနေသော ရေတွင်း၊ ရေစည်များအတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေနိုင်သည့် ခြင်များမပေါက်ဖွားလာနိုင်စေရန် အဘိတ်ဆေးများခတ်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပင်းတယမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုမှ ဒေသခံပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)