မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးဖြန့်ဝေပေး

ရသေ့တောင် ဇွန် ၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်၊ တောင်လှမော်ကျေးရွာများအား ဖြန့်ဝေပေးခဲ့ပြီး၊ ရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ရှိနှင့် စေတီတောင် ယာယီနေရပ်စွန့်ခွာစခန်းများသို့ ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်း နွေရာသီ ရေရှားပါးမှုကြုံနေရပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာ ဆားငံရေ ဝင်သွားခြင်းကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။

ယခုအခါ ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးပြီး ရေသန့်စင်ကား(၂)စီးဖြင့် မြို့ပေါ်ရပ်ကွက်(၄)ကွက်ရှိ ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာ သူများ၊ ကျေးရွာများနှင့် လေဘေးဒဏ်သင့် ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှ သောက်ရေများ စတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ရေဂါလံပေါင်း (၈၈၈၂၁) ဂါလံကို အကျိုးပြုပြည်သူ (၁၅၀၁၄၃) ဦးတို့အတွက် ဖြန့်ဝေနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ရသေ့တောင် (ပြန်ဆက်)