အမရပူရမြို့၌ နိကာယ်စာမေးပွဲ(ဝိဒူတန်း) စတင်ဖြေဆို

အမရပူရ ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့တွင် သာသနာရေးဦးစီးဌာနက နှစ်စဥ်ကျင်းပလျက်ရှိသော နိကာယ်စာမေးပွဲ(ဝိဒူတန်း)ကို ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်-၂ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

အဆိုပါနိကာယ်စာမေးပွဲကို အမရပူရမြို့ရှိ မြို့နယ်သံဃာနာယက၊ ဥက္ကဋ္ဌများ (ရွှေကျင်၊သုဓမ္မာ) က အနီးကပ်ကြီးကြပ်ပြီး ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၆ ရက်ထိ ကျမ်းကြီး (၅) ကျမ်းကို (၅) ရက်တိုင်တိုင် ဖြေဆိုသွားမည်ဖြစ်ပြီး စာဖြေသံဃာ၊ သီလရှင် စာရင်းရှိ ၅၀၁ ပါးရှိကြောင်း သိရသည်။

စာဖြေရာဌာနတွင် အမရပူရခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ အခန်းစောင့်သံဃာများ၊ ဆရာများက အဆင်ပြေချောမွေ့စွာ စာဖြေဆိုနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)