တာမိုးညဲ ဇွန် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စတင်ပြီး ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တာမိုးညဲမြို့အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယမန်နေ့မှစ၍ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။ ထို့အပြင် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ကြရာ တာမိုးညဲ(အ.ထ.က) မူလတန်း ကျောင်းသား၊ ကျောင်းသူ (၃၅၁)ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူပေါင်း (၄၆၀)ဦးရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ ကျောင်းများအလိုက် အသီးသီး ထုတ်ပေးခဲ့ကြောင်း သိရသည်။
ခေါန်မိုင်(တာမိုးညဲ)