လောက်ကိုင် ဇွန်၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် သစ်တောဦးစီးဌာနမှ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များအနေဖြင့် သစ်ပင်ပျိုးပင်များကို စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့မယာယီ ပျိုးဥယျာဉ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီသော အပင်များဖြစ်သည့် ရေသင်းပင်၊ မယ်ဇလီပင်၊ ပယ်ပင် စသည့် ပျိုးပင်ပေါင်း (၇၅၀၀)ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များအား လောက်ကိုင်မြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိ ပေးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျေးရွာများမှဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ပျိုးထောင်ထားသောအပင်များကို အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း မြို့နယ် သစ်တောဦးစီး ဌာနမှ သိရသည်။
ညိုညိုဝင်း ( လောက်ကိုင်)