ပုဗ္ဗသီရိ​​မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၉၄၄.၅၀သိန်း ထုတ်ချေးပေးပြီးဖြစ်

ပုဗ္ဗသီရိ ဇွန် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိဘဏ်ခွဲအနေဖြင့် ပုဗ္ဗသီရိမြို့နယ်နှင့် ​​ယျောသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိပြီး တောင်သူတစ်ဦးကို စိုက်ပျိုးမြေဧက ၁၀ ဧကအထိ ထုတ်ချေးနိုင်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေကျပ် ၁၀၀ ကို တစ်နှစ် ၅ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး သီးနှံပေါ်ချိန် ပြန်ဆပ်သည့်အခါ အတိုးအရင်းပေါင်းကာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ပုဗ္ဗသီရိမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ခွဲအနေဖြင့် “ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ဇေယျာသီရိမြို့နယ်မှ ကျေးရွာအုပ်စု ၁၃ အုပ်စုတို့မှတောင်သူပေါင်း ၆၀၀၀ ဦးအတွက်ချေးငွေပေါင်း ကျပ် ၂၈၀၀၀.၀၀ သိန်းထုတ်ချေးပေးရန် လျာထားလျက်ရှိရာ ယနေ့တွင် ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စုရှိ တောင်သူ ၁၉ ဦး၏ စပါးစိုက်ပျိုးဧက ၁၈ ဧကနှင့် နှမ်းသီးနှံစိုက် ပျိုးဧက ၅၀ ဧကတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေစုစုပေါင်းကျပ် ၇၇.၀၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် ယနေ့အချိန်ထိ မိုးရာသီစိုက်စရတ်ထုတ်ချေးငွေပေါင်းကျပ် ၁၉၄၄.၅၀ သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း” ပုဗ္ဗသီရိမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်ထွေးထွေးသိန်း ထံမှသိရသည်။

သန္တာလင်း(ပြန်/ဆက်)