မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား မတ္တရာမြို့နယ်၌ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

မတ္တရာ အောက်တိုဘာ ၈

ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ ဝင်ရောက် လာသည့် ကုန်တင်ယာဉ်များမှ ယာဉ် မောင်းများနှင့် ယာဉ်နောက်လိုက်များအား ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ရှိ စစ်ဆေးရေးစခန်း တွင်  Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို ယမန်နေ့ နံနက်ပိုင်း မှ စတင်၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် မတ္တရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ စစ်ဆေးဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဘက်မှ မန္တလေးတိုင်းဒေသကြီးဘက်သို့ ဝင်ရောက်လာ ပြီး မန္တလေးမြို့တွင်းသို့ ဖြတ်သန်းဝင်ရောက်မည့် ကုန်တင်ယာဉ်(၁၁၀)စီး မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၁၇၅)ဦးအား ကျန်းမာရေး ဝန်ထမ်းများ ဖြင့် စစ်ဆေးခဲ့ရာ အဖြေအားလုံး မှာ (Negative) ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက်  ဆက်လက်ထွက်ခွာ ခွင့်ပြု ခဲ့ကြောင်းသိရသည်။

ထို့သို့ စစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ရွက်ရာတွင် မတ္တရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)