ပေါင်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ်အကြောင်း သိ‌ကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ပေါင် ဇွန် ၂

သထုံခရိုင်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show)ကို ယနေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက သဘာဝပတ်ဝန်းကျင်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် အသိပညာဗဟုသုတများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်ချက်ဖြင့် Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးဝင်းမှ သစ်တောပြုန်းတီးမှုမရှိစေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အစားထိုးအပင်စိုက်ပျိုးပေးနေမှုအခြေအနေများ၊ ပင်လယ်ရေတိုက်စားမှုဒဏ်ကာကွယ်နိုင်ရေး ဒီရေတောစိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဂေဟစနစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ဆောင်ရွက်ပါက ရရှိလာမည့်အကျိုးအကျေးဇူးများနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိပါက သဘာဝပတ်ဝန်းကျင်နဲ့ လူသားများအပေါ်ကျရောက်နိုင်သည့် အန္တရာယ်ဆိုင်ရာများကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများနှင့် လူသားများ၏ ဆင်ခြင်မဲ့လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ သယံဇာတများ တစ်နှစ်မှတစ်နှစ် ယိုယွင်းပျက်စီးမှုများရှိနေကာ ပင်လယ်ရေနေသတ္တဝါများသည်လည်း မျိုးတုံးပျောက်ကွယ်လုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်လာရ​နိုင်သည့်အတွက် ပြည်သူအားလုံး ကူညီပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ပါသည်။

ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)