ဆိပ်ကြီးခနောင်တို ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့တာဝန်ခံ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီး အောင်မျိုးကျော်သည် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီခွဲက ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးပြောကြားရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးကြီး အောင်မျိုးကျော်က “မိမိအနေဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ၌ မြို့နယ်အနေဖြင့် မိမိတို့ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်ပေးစေလိုကြောင်း” စသည်ဖြင့် ဆွေးနွေးပြောကြားပြီး၊ တွံတေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၃) ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဦးမှ “ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်သည့် ကိစ္စရပ်များအား တက်ရောက်လာကြသူများမှ ဦးစားပေး တင်ပြဆွေးနွေးပေးစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဖြည့်စွက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ အဆိုပါ တင်ပြချက်များအပေါ် ဗိုလ်မှူးကြီးအောင်မျိုးကျော်မှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးကြီး အောင်မျိုးကျော် သည်သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ခနောင်တိုအရှေ့ ရပ်ကွက်ရှိ အုတ်ရေစုကန်မှ ရေဖြန့်ဝေပေးနေမှုအခြေအနေ၊ အ.ထ.က (ခနောင်တို)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်ပညာသင်ကြားနေမှု အခြေအနေနှင့် ကျောင်းဝင်းအတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ ဆက်)