သုံးခွမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

သုံးခွ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်ကြကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သက်ထားမြင့်နှင့် ဆရာမများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပုံမှန်ကာကွယ်ဆေး ထိုး ဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊   ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းကို မြို့ပေါ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်(၁)ရက်နေ့မှ(၂)ရက်နေ့ အထိထိုးနှံ‌ပေးလျက်ရှိပြီး ကျန်ရက်များတွင်ရပ်ကွက်နှင့်‌ ကျေးရွာများရှိကျန်းမာရေး ဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ ဆက်)