လှည်းကူးမြို့နယ်တွင်အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်

လှည်းကူး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံမော်တာ စက်ချုပ်သင်တန်းကို ရဲမွန်ကျေးရွာတွင်ယမန်နေ့ နံနက် ၁ဝနာရီက ဖွင့်လှစ်သည်။

ရှေ့ဦးစွာ လှည်းကူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူထွေးက အမှာစကားပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်အတွက် သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ရာစိတ်ပါဝင်စားစွာ တက်မြောက်အောင်သင်ကြားကြရန်နှင့် သင်တန်းချိန်ကို မပျက်ကွက်ဘဲတက်ရောက်ကြရန်တို့ကို အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန္တစိုးက သင်တန်းဆင်းပါက အလုပ်အကိုင်များရရှိစေရေးအတွက် အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်ကာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ဇွန်လ(၁)ရက်နေ့မှ  ဇွန်လ(၃၀)ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ရဲမွန်ကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသနေပြည်သူ(၂၄)ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)