ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် ဓမ္မပူဇာ၊ ပိဋကတ်သုံးပုံ ဆင်ရတနာဖြင့်လှည့်လည်ပူဇော်

ရန်ကုန် ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်အား ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထားကိုးကွယ်ခဲ့သည်မှာ (၇၅) နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (ဓမ္မပူဇာ) အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲနှင့် အင်္ဂလိပ်ဘာသာပြန်ပိဋကတ်သုံးပုံငါးစုံအား ဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဓမ္မပူဇာအဖြစ် အင်္ဂလိပ်ဘာသာပြန် ပိဋကတ်သုံးပုံအား ဆင်ရတနာဖြင့်ပင့်ဆောင်၍ စေတီတော်ကြီး ရှေ့ပတ်လမ်းမှ လက်ယာရစ်လှည့်လည်ပူဇော်သည်။

ဆက်လက်၍ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲနှင့် အင်္ဂလိပ်ဘာသာပြန် ပိဋကတ်သုံးပုံ (၅) စုံအား ဆက်ကပ်ခြင်း အခမ်းအနားအစီအစဉ်ကို ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပခဲ့သည်။               

အခမ်းအနားကို "နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ် ထံမှပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ပဋ္ဌာနဘာဏကဆရာတော် သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားကြီးတိုက်၊ ဓာတ်မီးကျောင်းဆရာတော်၊ သာသနတက္ကသီလမဟာဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တစိန္တာဝရ အရှင်သူမြတ်က အနုမောဒနာဂါထာ ဖတ်ကြားပူဇော်သည်။

ထို့နောက် အင်္ဂလိပ်ဘာသာပြန် ပိဋကတ်သုံးပုံငါးစုံအား ဩဝါဒါစရိယဆရာတော်ကြီးများထံ ဆက်ကပ်သည်။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ်ထံမှ ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်  (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် ဓမ္မပူဇာ (အသံမစဲမဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ) ကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး၍ မေ ၂၈ ရက်မှ ဇွန် ၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဇွန် ၂ ရက်နေ့တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးအား ဆရာတော်၊ သံဃာတော်အပါး (၇၅) ပါးဖြင့် ဗုဒ္ဓါဘိသေက အနကဇာတင်ပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ၊ ဆွမ်း၊ သစ်သီးများကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)