တာမွေ ဇွန် ၁
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်နှင့် ပရိယတ္တိသာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်တွင်လည်း မြို့နယ်သာသနာရေးဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီး များ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေး ဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ၂၀၂၃ - ခုနှစ် နိကာယ်စာမေးပွဲကို စတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော် (၁၈၃) ပါးနှင့် သီလရှင်(၁)ပါး စုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင် (၁၈၄)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် နိကာယ်စာမေးပွဲ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၃-ခုနှစ် နိကာယ်စာမေးပွဲကို ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စု(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၈) စသည်ဖြင့် အုပ်စုများခွဲ၍ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ ယနေ့တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၈၄) ပါး ဝင်ရောက်လျက်ရှိကြောင်းနှင့် စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် စာဖြေခန်းမများသို့ မဝင်ရောက်မီ လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျလက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း စသည်ဖြင့်လိုအပ်သည်များကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)