တာမွေ ဇွန် ၁
"ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်" ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ပြိုင်နက်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/ ကျောင်းသူ တစ်သောင်းတစ်ထောင်ကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကျောင်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်တာတို့၊ အဘိတ်ဆေးခတ်တာတို့၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စသည်ဖြင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက်ကို ဆောင်ရွက်တာတွေရှိပါတယ်” ဟု တာမွေမြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ မူလတန်းကျောင်း (၂၄) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းရှိပြီး ယနေ့ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် မူလတန်းကျောင်းသား/သူ (၇၅၉၅)ဦး၊ အလယ်တန်းကျောင်းသား/သူ (၂၅၇၅)ဦး၊ အထက်တန်း ကျောင်းသား/သူ (၁၃၉၆)ဦး စုစုပေါင်း မြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၁၁၅၆၆)ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)