ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ  ၆ လပြည့်ပြီး ထပ်ဆောင်း Booster များ ထိုးနှံပေးလျက်ရှိရာ ထိုးနှံပြီးစီးသူ ၄၃၁၀ ဦးရှိပြီဖြစ်

ကျောက်ပန်းတောင်း    ဇွန်   ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက်၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းဆောင်၍ မြို့နယ်အားကစားခန်းမတွင် နေ့စဉ်နံနက်(၉)နာရီမှ (၁၂)နာရီအထိ ဆေးထိုးနှံခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ(၁)ရက်နေ့အထိ ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံပြီးစီးသူ ၄၃၁၀ ဦးရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေး နောက်ဆုံးအကြိမ်ထိုးနှံပြီးစီးမှုကာလ ၆ လပြည့်ပြီးသူများအား မေလ ၅ ရက်နေ့မှ စတင်၍ ပြန်လည်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံပြီးစီးသူ ၄၃၁၀ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို စတင်ထိုးနှံစဉ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား စတင်ထိုးနှံပေးခဲ့ကြောင်းသိရပြီး၊ နောက်ပိုင်းတွင် မြို့နယ်အားကစားခန်းမသို့ ပြောင်းရွှေ့၍ သတ်မှတ်အသက်အပိုင်းအခြား ပြည့်မီသူ အားလုံးကို၊ ပုံမှန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ ပူးပေါင်း၍ နေ့စဉ်အလှည့်ကျ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ဆေး Booster ထိုးနှံပြီးစီးမှု အနေဖြင့်  ယခင်ထိုးနှံပြီးစီးသူ ၉၅၉၀ ဦးရှိပြီး ထပ်ဆောင်း Booster ထိုးနှံပြီးစီးမှုအနေဖြင့် ယနေ့ထိုးနှံသူ ၉၅ ဦးဖြင့် စုစုပေါင်း ၄၃၁၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)