ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်

ပင်းတယ ဇွန် ၁ 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဇွန်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိကြကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) (၇)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၇)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (၁၂)ကျောင်း၊ မူလွန်ကျောင်း (၇)ကျောင်း၊ မူလတန်း ကျောင်း(၇၄)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) (၄)ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်း (၁၂၀)ကျောင်းရှိပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် မေလ ၃၁ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၇၆၄)ဦး လာရောက်အပ်နှံထားကြောင်းနှင့် လာရောက်အပ်နှံရန် ကျန်ရှိ နေသေး သည့်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်လက်ခံဆောင်ရွက် ပေးလျက်ရှိ ကြောင်း ဒေသပညာရေးမှူးထံမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)