ရေး ဇွန် ၁
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် ဟံဂံကျေးရွာ၌ စက်မှုစိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဖြိုးဇေယျာစိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမျိုးအောင်တို့က စက်မှု စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားကျောင်းသူများက မင်္ဂလာပါ သီချင်းဖြင့် ဂုဏ်ပြုကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမင်းက အဆိုပါအထက်တန်းကျောင်း ဖွင့်လှစ်ရခြင်းနဲ့ ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားပြီးနောက် ဘင်ခရာအဖွဲ့နှင့် အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် ခဲ့သည်။ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမင်းနှင့်အဖွဲ့သည် အထက်တန်း ကျောင်းအတွင်းရှိ စာသင်ခန်း၊ ကွန်ပျူတာခန်းများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်စစ်ဆေးကာ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စက်မှုစိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူ ၉၀ ဦးဖြင့် စတင်ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း သိရသည်။
မင်းဆန်း