၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

တောင်ကြီး ဇွန် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဖွင့်လှစ်ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက် ပညာသင်ကြား လျက်ရှိကြသည်။

တောင်ကြီးမြို့နယ်တွင် မေလ ၂၃ ရက် မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ပြီး အခြေခံပညာအထက်တန်းကျောင်း (၄၇) ကျောင်း၊ အလယ်တန်းကျောင်း (၉၄) ကျောင်းနှင့် မူလတန်းကျောင်း(၁၃၅)ကျောင်း၊ စုစုပေါင်း (၂၇၆) ကျောင်းတို့တွင် (KG)အတန်းမှ ဒွါဒဿမတန်း (Grade-12) သင်ရိုးသစ်အထိ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၇၀၇၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၂၅၂၉) ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၇၀၅)ဦး၊ စုစုပေါင်း(၄၁၃၁၂) ဦးအထိ ကျောင်းအပ်နှံပြီးဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်း သင်ရိုး စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံး သင်ထောက်ကူပစ္စည်းများ အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်နိုင်လင်း