တာချီလိတ် ဇွန် ၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဓမ္မာစရိယ အောင်မြင်ခဲ့ကြသော သံဃာတော်များအား စာအောင်ဆုလက်မှတ်၊ ဂုဏ်ပြုဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် နိကာယ်ငါးရပ်စာဖြေဌာန ဖွင့်ပွဲအခမ်းအနားကို ၁၃၈၅ ခုနှစ် နယုန်လဆန်း ၁၄ ရက်၊ ယနေ့နံနက် ၉ နာရီက တာချီလိတ်မြို့၊ မြို့နယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဝိရောစန (မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇ) အရှင်သူမြတ်ထံမှ ပေးပို့သော သာရဏီယ ဩဝါဒကထာကို ဆရာတော် ဘဒ္ဒန္တတိဿ အရှင်သူမြတ်မှ သာရဏီယ ဩဝါဒကထာကို ယူကြည်ညိုကာ ဆရာတော်အရှင်သူမြတ်များ ရွတ်ပွား သဇ္ဈာယ်မူသော အန္တရာယ်ကင်းပရိတ်တရား တော်မြတ်ကို နာယူကြည်ညိုကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌအဖွဲ့ ဦးမြင့်နိုင်က သာသနာရေးဆိုင်ရာများ ဖတ်ကြားလျှောက်ထား၍ ခရိုင်သာသနာရေးမှူး ဦးထွန်းကြည်မောင်က နိကာယ်ငါးရပ် စာဖြေဌာနဖွင့်လှစ် ကြောင်းလျှောက်ထားရာ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တကုဝေရက သာရဏီယတိုက်တွန်းလွှာ ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပြီး ဆရာတော် သံဃာတော်များအား နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဓမ္မာစရိယအောင်မြင်ခဲ့ကြသော သံဃာတော်နှင့် သီလရှင် ပထမကျမ်းအောင် ၆ ပါး၊ ဒုတိယကျမ်းအောင် ၆ ပါးနှင့် တတိယ ကျမ်းအောင် ၁၅ ပါး၊ စုစုပေါင်း ၂၇ ပါးတို့အား စာအောင်ဆုလက်မှတ်နှင့် ဂုဏ်ပြုဝတ္တုငွေများ ဆပ်ကပ်လှူဒါန်း၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မထံမှ ရေစက်ချ အနုမောဒနာတရားနာကြားကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” ၃ ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)