မော်လမြိုင် ဇွန် ၁
မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှကျင်းပသော မိုခါမုန်တိုင်းဒဏ်ခံ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်(ရဲကျောင်း)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ်နှင့် မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းဝင်များ၊ မွန်ပြည်နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ အလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးအောင်ကြည်သိန်းက လေဘေးသင့်ပစ္စည်းများအား ထောက်ပံ့လှူဒါန်းရခြင်းနှင့်ပတ်သက်၍ဆောင်ရွက်မှု အခြေအနေ များအား လျှောက်ထားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် YMBA အသင်းဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးကြည်သိန်းက လေဘေးသင့်ပစ္စည်းများအား လှူဒါန်းရသည့်အကြောင်းအရင်းအား ရှင်းလင်းတင်ပြပြီး၊ မွန်ပြည်နယ် YMBA အသင်းနှင့် မွန်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့က အလှူငွေများနှင့် ထောက်ပံရေးပစ္စည်းများဖြစ်သော အဝတ်အထည် စားသောက်ကုန်များ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း (၁၀၀၀) ကျော် ပေးအပ်လှူဒါန်းခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ပဓါနဩဝါဒါစရိယဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိထံ လေဘေးသင့်အလှူနှင့်ပတ်သက်၍ ဩဝါဒစကားနှင့် ဝမ်းမြောက်အနုမောဓနာစကားနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို ရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မော်လမြိုင်မြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာပျော်ရွှင်စွာ စာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကလေးများ ကျောင်းနေပျော်၍ ကျောင်းနေမြဲရေးနှင့် နိုင်ငံသားတိုင်း Kg+9 ပညာရေးပြီးမြောက်မှုရှိရေးတို့ကို တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များက စိတ်စေတနာအရင်းခံဖြင့် အခြေခံပညာကို ဆုံးခန်းတိုင် ပြီးမြောက်အောင် သင်ယူနိုင်ရေး ပညာသင်ကြားရန်ခက်ခဲသော ကလေးများကို ပစ်ပယ်မထားဘဲ ကျောင်း အကျိုးဆောင်များ၊ ကျောင်းသားမိဘများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေများနှင့်ပတ်သက်၍ ပြည်နယ်ပညာရေးမှူးက ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန်၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြေမှု ရှိစေရန်နှင့် ကျောင်းကျန်းမာရေးကိစ္စများကို ဆောင်ရွက်ပေးကြရန် ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)