မောက်မယ် ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာ နမ့်အွန်ရေထွက်တွင်ရေတောင်းပွဲ ကိုရှမ်းရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအရ အဆိုပါနမ့်အွန် ရေထွက်နတ်စင်တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ မောက်မယ်မြို့နယ်တွင် ရေထွက်များ ပေါများသဖြင့် နှစ်စဉ်နယုန်လ အတွင်း နေရာဒေသ အသီးသီးကျေးရွာများအလိုက် ရိုးရာဓလေ့ ရေတောင်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ရေတောင်းပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းမှာ နမ့်အွန်ရေထွက်မှ ထွက်ရှိလာသော ရေသည် လယ်ယာမြေအတွက်များစွာသော လယ်ရေများ လုံလောက်စွာပေးဝေနိုင်ခြင်း၊ ဆန်ရေစပါးနှင့်ကောက်ပဲ သီးနှံများ သဘာဝဘေးမှ ကင်းဝေးခြင်းတို့အယူရှိကြပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုရှိကျေးရွာများက ဒေသခံပြည်သူများနှင့် တောင်သူ လယ်သမားများ တက်ရောက်ကာ ယမန်နေ့နေ့လယ် ၁၁ နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား နေ့လယ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ငါးပါးသီလခံယူ ပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြ သောဓမ္မမိတ်ဆွေများတို့အား ထမင်းထုတ်များဖြင့်မျှဝေခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရှမ်းအိုးစည်ဗုံမောင်း များတီး၍ လူဖိုင်း(ခေါ်)မီးရှုးလွတ်တင်ကြသည့် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင် ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)