တန့်ယန်း ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပြီဖြစ်ရာ မြို့နယ်မှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများအားလုံး စတင်ဖွင့် လှစ်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက အမှတ်(၁) အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
တန့်ယန်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၈ ကျောင်း၊ မူလတန်းကျောင်း ၁၁၂ ကျောင်းနှင့် မူလတန်းကျောင်းခွဲ ၃၄ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)