မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ RS to CS မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် အောက်တိုဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ RS to CS မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧကအား ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးဝင်းမြတ်ဇော်က RS to CS မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထည့်သွင်းရာတွင် အချိန်ကိုက်၊ အချိုးကျထည့်သွင်းရေး၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲရေးတို့ကို ရှင်းလင်းအသိပညာပေးခဲ့ပြီး တာဝန်ရှိသူတို့က မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့် ရရှိရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းအားလုံး မဖြစ်မနေဆောင်ရွက်ရမည့် မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို စပါးသက်တမ်းအလိုက် (၃)ကြိမ်ဆောင်ရွက်ရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးဝင်းမြတ်ဇော်နှင့် ဝန်ထမ်းများက မယ်ဆွမ်မြောက်ရပ်ကွက်ရှိ တောင်သူ(၆)ဦး စိုက်ပျိုးထားသော RS to CS မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၁၀) ဧကအား မျိုးကွဲပါဝင်မှုနှုန်း၊ ခွဲခြားရန် ခက်ခဲသော အခြားသီးနှံပင်ပါဝင်မှုနှုန်း၊ လက်မခံနိုင်သည့် ပေါင်းမြက် ပါဝင်မှုနှုန်း၊ သတ်မှတ်ရောဂါ ကျရောက်သော အပင်အနှံပါဝင်မှုနှုန်း စသည့်စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)