ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာတွင် ကြက်ဟင်းခါး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိ

ကျောက်ဆည်  ဇွန်  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆန်းစပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိရေး မီးဖိုချောင်သုံး အသီးအနှံ များဖြစ်သည့်  ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊နံနံ ၊မုံညင်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြ ကြောင်းသိရှိပြီး တံစိုးကျေးရွာတွင် ကြက်ဟင်ခါး  တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ကြက်ဟင်းခါးသီးနှံသည် တစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးပြီးတစ်လခန့်တွင် အပွင့်များ စတင်ပွင့်ပြီး (၄၅)ရက်သားတွင်အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း၊ စတင်ခူးချိန်တွင် (၁၅)ပိဿာခန့် ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင်(၇၀/၈၀)ပိဿာခန့်အထိ ခူးဆွတ်ရကြောင်း ခူးဆွတ်ရောင်းချရသည့် သက်တမ်းမှာ အပင်ပြုစုမှုကောင်းမွန်မှုအပေါ်မူတည်ပြီး (၅)လမှ(၆)လခန့် ကြာမြင့်ကြောင်း ခူးဆွတ် ရောင်းချရာတွင် (၄-၅)ရက်တစ်ခါခူးဆွတ်ရပြီး လက်လီရောင်းချပါက တစ်ပိဿာ(၁၀၀၀)ကျပ် ရောင်းချရကြောင်း၊ ပန်တံဆိပ် တစ်သုံးလုံး ကြက်ဟင်းခါးမျိုးစိုက်ပျိုး ရောင်းချသည့် တံစိုးကျေးရွာမှ တောင်သူ ဦးကိုစည်သူက ပြောပြသည်။

ကြက်ဟင်းခါးစိုက်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေးများသုံးကာ မြေပြုပြင် ခြင်းများ စနစ်တကျဆောင်ရွက်ပြီးစီးသွားပါက (၆)ပေခန့်အကွာတိုင်များစိုက်ပြီး (၅)ပေအမြင့် စင်များ ပြုလုပ်ကာ မိမိတို့စိုက်ပျိုးလိုသည့် ကြက်ဟင်းခါးမျိုးများကို တိုင်ခြေနှင့်တစ်ထွာ အကွာတွင် ကျင်းများတူးပြီး အစေ့တိုက်ရိုက်ချ စိုက်ပျိုးနိုင်ကြောင်း၊ အပင်များဖြစ်ထွန်းမှုကောင်းစေရန်အတွက် စိုက်ပျိုးပြီး (၁၅)ရက်အကြာ အပင်နွယ်ထွက်လက်မောင်းတန်းချိန်တွင် အပင်ပတ်လည်၌ အာမိုမြေဩဇာ ဟင်းစားဇွန်းတစ်ဇွန်းခန့် ဖြူးပေးကာရေတင်ပေးရကြောင်း၊ ကြက်ဟင်းခါးစိုက်ပျိုးရာတွင် အသုံးပြုသည့် တိုင်နှင့်ဝါးများသည် တစ်ခါဝယ်ယူထားပါက (၄)နှစ်အထိ ပြန်လည်အသုံးပြုနိုင်သဖြင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးက ကုန်ကျ စရိတ်နည်းပါးကာ အမြတ်ငွေများသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)