ပြင်ဦးလွင်၊ အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ပြီး ပြင်ဦးလွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့အဝင် ရှမ်းပြည် နယ်မှ ထွက်ခွါလာသော (ကျောက်မဲ၊ လားရှိုး၊ မူဆယ်မှ မန္တလေးသို့ဝင်မည့်) ကုန်တင်ကားများကိုသာ သတ် မှတ်ထားသည့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးပေးလျက် ရှိပါသည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့မှ စတင်ထွက်ခွာမည့် ကုန်တင်ယာဉ်များသည် မန္တလေးတိုင်းဒေသကြီးအထွက်တွင် ပြည်နယ်/ တိုင်းဒေသကြီးများ ဝင်ပေါက်ဂိတ်တွင် စစ်ဆေးမှု့ခံယူရမည်ဖြစ်ပြီး ကုန်တင်အား (၂)တန်နှင့်အထက် ကုန်တင်မော်တော်ယာဉ်များနှင့် ခရီးသည်တင်ဆောင်ခြင်းမရှိဘဲ ကုန်စည်သာသယ်ဆောင်ခွင့်ပြုထားသော {လူ (၁၇) ဦး နှင့် အထက်တင်ဆောင်နိုင်သည့်} ယာဉ်ကြီးများကိုသာ စစ်ဆေးဆောင်ရွက်ပေးမည် ဖြစ် သည်။
အဆိုပါ ဖြတ်သန်းသွားလာနေသော ကုန်တင်မော်တော်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား RDT Test ဖြင့် နှာခေါင်းတို့ဖတ်ရယူစစ်ဆေးကာ တစ်နာရီအတွင်းအဖြေထုတ်ပေးခြင်းနှင့် တစ်ဦးလျှင် (၂၀၀၀၀) နှစ်သောင်းကျပ် တရားဝင်ကောက်ခံ၍ နိုင်ငံတော်ငွေစာရင်းသို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)