ကျောက်ပန်းတောင်း အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာတစ်ဦး သက်သာပျောက်ကင်းသဖြင့်၊ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ဆေးရုံကဆင်းခွင့်ရရှိခဲ့ကြောင်း သိရပြီး၊ ၎င်းအား စိတ်ဓာတ်ခွန်အား ဖြစ်စေရန်အတွက် COVID-19 Volunteer (Kyaukpadaung) လူငယ်များနှင့် ကျေးရွာလူငယ်များ က ဆေးရုံအထွက်တွင် အားပေးခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာသည် ရန်ကုန်မှ ကျောက်ပန်းတောင်းမြို့နယ် ကံပေါက်ကျေးရွာသို့ပြန်လည်ရောက် ရှိလာပြီး၊ ကျေးရွာတွင် Quarantine ဝင်ရောက်နေရာမှ (၂၁.၉.၂၀၂၀)ရက်နေ့တွင် ၎င်းအား Swab ယူစစ်ဆေးခဲ့ရာ၊ ကိုဗစ်-၁၉ ပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် (၂၄.၉.၂၀၂၀)ရက်နေ့တွင် ကျေးရွာ Quarantine Centre မှ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်း ပိုးတွေ့လူနာမှာ ယခုအခါသက်သာပျောက်ကင်း သွားပြီးဖြစ်ကြောင်းသိရပြီး၊ မြို့နယ်ပြည်သူ့ ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် ကျေးရွာသို့ ပြန်လည်ပို့ဆောင်ရာတွင် ကျောက်ပန်း တောင်းမြို့နယ် COVID-19 Volunteer ( Kyaukpadaung) လူငယ်များနှင့် ကျေးရွာလူငယ်များက စိတ်ဓာတ်ခွန်အားဖြစ် စေရန်အတွက်၊ ဆေးရုံအထွက်တွင် လက်ခုပ်တီး၍ အားပေးခဲ့ကြပြီး၊ ကျေးရွာအရောက် ပို့ဆောင် ခဲ့ကြ ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)