မရမ်းကုန်း ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံပညာကျောင်းများဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူမိဘများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်နေ့အထိ သက်မှတ်ကာ ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မရမ်းကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း(၃၈)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများစတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)