မိုင်းလုံ အောက်တိုဘာ ၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည၆ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးအေးမင်းထွန်းက ဦးဆောင်၍ မိုင်းလုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ရပ်ကွက်အတွင်းလိုက်လံနှိုးဆော်ရာတွင် မြန်မာနိုင်ငံသည် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကို စတင်တွေ့ရှိခဲ့ပြီး ယခုပိုးတွေ့လူနာ ၆၁% ကျော်သည် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေခြင်းကြောင့် ပြည်သူများ ရောဂါပိုးကူးဆက်မှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာကြရန်၊ ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ပြည်ပပြန်များ၊ ရောဂါဖြစ်ပွားလျက်ရှိသော မြို့နယ်များမှ ပြန်လာသူများရှိ ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားပေးရန်၊ အခြားမြို့များသို့ ခရီးသွားရာတွင် ကျန်းမာရေးထောက်ခံစာ၊ ရပ်ကွက်အတွင်း အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာများ ရယူရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွ နေရာများတွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် မြန်မာနှင့်ရှမ်းဘာသာစကား နှစ်မျိုးဖြင့် လိုက်လံ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)