သာစည် ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇေယျာမျိုးက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့မှုအခြေအနေများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု အခြေအနေများ၊ သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်သည့်အခြေအနေများ၊ သွေးလွန်တုပ်ကွေးလက္ခဏာများနှင့် မဖြစ်ပွားစေရန် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများစသည်ဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ရီရီလွင်က ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)