တံတားဦး ဇွန် ၁
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဌာနဆိုင်များအနေဖြင် မိမိတို့ဝန်ထမ်းများအား ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်၊ မိမိတို့ရုံးဌာနနှင့် ဝန်ထမ်းများ လုံခြုံရေး သတိပြုကြရန်၊ မိမိခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များကို ဂရုပြုကြရန်လိုကြောင်း၊ ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ လမ်းမကြီးများနှင့် ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများက စနစ်တကျ စီမံခန့်ခွဲပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)