တောင်ဥက္ကလာပ ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ဖွင့်လှစ်ရာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး တောင်ဥက္ကလာပ မြို့နယ်တွင် မေလ ၂၃ ရက်မှ မေလ ၃၁ ရက်နေ့ ညနေပိုင်းအထိ ကျောင်းအပ်နိုင်ရေးလက်ခံခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ မူလတန်းကျောင်း (၃၀) ကျောင်းတို့တွင် (၅)နှစ်အရွယ် (KG ) အတန်းမှ ဒွါဒသမတန်း (Grade-12) သင်ရိုးသစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နိုင်မှုလုပ်ငန်းကို နေ့စဉ် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ ခဲတံများကို (အခမဲ့) ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအခြေခံပညာကျောင်းများ ဖွင့်လှစ်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူ မိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဝိုင်းဝန်း၍ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)