မိုင်းပျဉ်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြား

မိုင်းပျဉ်း ဇွန် ၁

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့မှစ၍ (ဘက) ကျောင်းအပါအဝင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းနေရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/ ကျောင်းသူများ​အေးချမ်းစွာ ကျောင်းသို့လာရောက်၍ စတင်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်ရက်ကို မေလ (၂၃) ရက်နေ့မှ စတင်လက်ခံခဲ့ပြီး၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ (၂၃)ရက်နေ့မှ ဇွန်လဆန်းကျောင်းမဖွင့်မီ ကာလအထိ သတ်မှတ်ဆောင်ရွက်ခဲ့ကြရာ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဘက ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း ၁၃၅ ကျောင်းတွင် ယခင်နှစ် ကျောင်းသားဦးရေ(၇၅၃၈)ဦးရှိခဲ့ပြီး ယခုနှစ် ကျောင်းသားဦးရေ(၅၀၉၃)ဦး ကျောင်းအပ်နှံ၍‌ ‌အေးချမ်းစွာ စတင်ပညာသင်ကြားနေပြီး ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းများစတင်ဖွင့်လှစ်နေမှုကို မိုင်းပျဉ်းမြို့ ​နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် မြို့နယ်ပညာရေးမှူးတို့က မြို့ပေါ် အ.ထ.က၊ အ.ထ.ကခွဲနှင့် အ.မ.က ကျောင်းများသို့ သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရသည်။

ရန်နောင်ထွန်း(ပြန်/ဆက်)